ကျောက္ကာရွှေဂူနီ ဘုရားသမိုင်း
ကျောက္ကာရွှေဂူနီ ဘုရားသမိုင်း
•••••••••••••••••••••••••••••
ဒေသကား စစ်ကိုင်းတိ်ုင်းဒေသကြီး၊မုံရွာမြို့နယ်၊မုံရွာ - အရာတော် - ရွှေဘိုသွား(ထန်းဇလုတ်ချောင်းသွားလမ်း)ကားလမ်းပေါ်ရှိ ကျောက္ကာရွာလေးတစ်ရွာဖြစ်ပါသည်။ထိုရွာ၌ ရွှေဂူနီဟူသော ဘုရားတစ်ဆူရှိပါသည်။သို့သော် ခေတ်အဆက်ဆက် ခေါ်ဝေါ်ခဲ့ကြသော ရှေးလူကြီးတို့သည် ကျောက္ကာနှင့်ရွှေဂူနီကို ခွဲခြား၍ မခေါ်ဝေါ်ခဲ့ကြပါ။ကျောက္ကာရွှေဂူနီ ဟူမှသာ ပြည့်စုံသည်ဖြစ်သောကြောင့် တွဲ၍ ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။ဤ ကျောက္ကာရွှေဂူနီ ဘုရားသည် သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါသည်။ယခုခေတ်မှ သွန်းလုပ်သော မွမ်းမံပူဇော်သော သာမညဘုရားမဟုတ်ခဲ့ပါ။သမိုင်းကား အသို့နည်း။သိချင်ပေလိမ့်မည်။ကျောက္ကာရွှေဂူနီ ဘုရားသမိုင်းကား ဤသို့တည်း…။
ကျောက္ကာရွာကြီးသည် ရှေးအခါက ကျောက်သံဦးမြို့ဟု ထင်ရှားခဲ့ပြီး ကျောက်သံဦးမြို့ရှိ အသောကစေတီသည် သီရိဓမ္မာအသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် ပါဝင်ကြောင်း သမိုင်းအရ သိရပါသည်။ သီရိဓမ္မာအသောကမင်းကြီးသည် ရာဇဂြိုလ်ပြည် ဓာတ်ပေါင်းစေတီမှ ဗုဒ္ဓဓာတ်တော်များကို ပါဋလိပုတ်နေပြည်တော်သို့ ပင့်ဆောင်လာကာ ရတနာပြဿဒ်တော်၌ ဓာတ်တော်များကို ဖူးမြော်နေစဉ် ကြည်ညိုမဆုံးဖြစ်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်ကို ဋ္ဌာပနာပြု၍ တည်ရန် အလို့ငှာ အရှင်မဟာမောဂ္ဂဠိပုတ္တတိဿအမှူးပြုသော ရဟန္တာကြီးများအား မေးမြန်းလျှောက်ထားခဲ့သည်။ထိုဓာတ်တော်များကို သလ္လာဝတီ ချင်းတွင်းမြစ် အရှေ့ဘက် ယူဇနာကောသ(၁၀)မိုင်တွင် တည်ရှိသော ကျောက်သံမြို့ဦး(ကျောက္ကာ)၌ စေတီပေါင်းရှစ်သောင်းလေးထောင်အပါအဝင်ထဲမှ တစ်ဆူဖြစ်သော ယခု ကျောက္ကာရွှေဂူနီကို တည်ထားပူဇော်ခဲ့သည်။သက္ကရာဇ် ၇၆၂ ခုနှစ် အင်းဝဘုရင်မင်းခေါင် လက်ထက်တွင် ကျောက္ကာနယ်ပိုင်မင်းသည် အသောကစေတီပြိုပျက်သွားသော တောင်ကုန်း၌ ရွှေစေတီတစ်ဆူ တည်ထားခဲ့သည်။
ယခင်ကျောက်သံမြို့ ယခုကျောက္ကာရွာတွင် သီရိယဓာတ်တော်အစစ် ကို ဋ္ဌာပနာ၍ တည်ခဲ့ရာ ကာလကြာရှည်သော် လေဒဏ်မိုးဒဏ် ရာသီဥတုဒဏ်တွေကြောင့် တောအတိ ဖုံးကွယ်ခဲ့ရသည်။သို့သော် မြတ်စွာဘုရား၏ ဓာတ်တော် မွေတော်တိ်ု့ကား မည်သို့ပင် ကြာရှည်ပါစေ ပျောက်ကွယ်ရိုး ထုံးစံမရှိပါ။
တစ်နေ့တွင် သိကြားမင်းသည် နွားကျောင်းသားလေး မောင်ဆုအောင်အား ပူးကပ်၍ ကျောက္ကာရွာဦး ချုံနွယ် ပိတ်ပေါင်းကြားတွင် စေတီတစ်ဆူရှိကြောင်း ပြောကြားသဖြင့် ကျောက္ကာဆရာတော်နှင့် ကျေးရွာလူကြီးများ သွားရောက်ရှာဖွေကြရာ သီရိဓမ္မာအသောကမင်းကြီး တည်ထားခဲ့သည့် ဝါးပတ်ခြင်းပမာဏရှိသော စေတီငယ်ကို ထူးဆန်းစွာတွေ့ရလေသည်။ထိုအချိန်တွင် နိုင်ငံတော်ကို အုပ်ချုပ်မင်းလုပ်နေသော သာလွန်မင်းတရားကြီးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကား နွားကျောင်းသားလေး မောင်ဆုအောင်အား ဆုလာဘ်တော်များ ပေးသနားတော်မူလေသည်။ကောဇာသက္ကရာဇ် ၉၉၉ ခုနှစ်တွင် မူလစေတီကို ဋ္ဌာပနာ၍ အုတ်ဖို ငါးဖိ်ုဖြင့် တည်ခဲ့ကြပြီး ထီးတော်တင်ပွဲကိုလည်း ကျင်းပခဲ့ကြသည်။ရှေးဟောင်းဘုရားတစ်ဆူအား ဋ္ဌာပနာတည်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ကုသ်ိုလ်ရှင်တို့သည် စေတနာသဒ္ဒါတရား ထက်သန်စွာ လာရောက်ထည့်ဝင် ပူဇော်ကြလေသည်။ပန်းရံအဖွဲ့ သုံးဖွဲ့ဖြင့် နေ့ညမအား ကြီးကြပ်၍ စေတီကို တည်ခဲ့ကြရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စေတီတည်ခြင်း ပြီးစီးခဲ့ပါသည်။
ကျောက္ကာရွှေဂူနီဘုရားကြီး၏ ဖိနပ်တော်သည် ၃၄ တောင်ရှိပြီး ဉာဏ်တော်အမြင့် ၇၂ တောင် နှင့် ရံစေတီပေါင်း ၄၃ ဆူရှိရာ ရွှေချပြီးနေရောင်အောက်တွင် တဖိတ်ဖိတ်တလက်လက် တောက်ပနေပါသည်။ပစ္စယာလေးဆင့်တွင် ရံစေတီများကို အုတ်တိုက်ခံ၍ တည်ထားပုံမှာ ထူးခြားလှပြီး ထိုရံစေတီများမှာလည်း ကျောက္ကာရွှေဂူနီစေတီတော်ကြီးနှင့် ပုံစံတူပင် ဖြစ်နေပါသည်။ကျောက္ကာရွှေဂူနီဘုရား မြောက်ဘက်မုခ်ရှိ လှိုဏ်ခေါင်းထဲတွင် စံပါယ်တော်မူနေသော် ရုပ်ပွားတော်ကြီးသည် ဉာဏ်တော်အမြင့် လေးတောင်ရှိသည်ဟု ထင်ရသော်လည်း ပလ္လင်ပေါ်တက်၍ ရွှေသင်္ကန်ူကပ်လှူလျှင် အနည်းငယ်မြင့်နေကြောင်း တွေ့ရပါသည်။
ကျောက္ကာရွှေဂူနီဘုရားတွင် အံ့ဖွယ်ထူးခြား(၉)ပါးရှိပါသည်။
(၁)သိကြားမင်းညွှန်ပြသော အသောကစေတီကိုငုံ၍ တည်ထားခြင်း
(၂)အခြားဘုရားများနှင့်မတူဘဲ လှိုင်ဂူတော်ကို ကျောက္ကာရွာရှိရာဘက်သို့ မျက်နှာမူခြင်း
(၃)သာလွန်မင်းတရားကြီးနှင့် မှူးမတ်များလာရောက်ပူဇော်ကြရာ ရတနာဆင်တော်မှာလည်း တိုးဝှေ့ပူဇော်ခြင်း။
(၄)လှိုင်ဂူတော်အတွင်း အင်း၊အိုင် လက်ဖွဲ့၊ဂါထာ၊မန္တန်များ အောင်မြင်ထွန်းပေါက်ခြင်း၊အဓိဋ္ဌာန်ပုတီးစိပ်လျှင်လည်း အောင်မြင်ခြင်း။
(၅)နှစ်စဉ် သီတင်းကျွတ် လပြည့် ပွဲတော်နေ့တွင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်၍ ပန်း ဆီမီး အမွှေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြခြင်း။(စနေနေ့နှင့် လပြည့်နေ့တစ်ရက်တည်း ကြုံကြိုက်ပါက ကုသိုလ်ထူးသည်ဟု ယူဆကြပြီး ထိုနေ့မျိုး၌တွင်လည်း ကြက်ပျံမကျ စည်ကားလှပါသည်။)
(၆)မင်းပြစ်မင်းဒဏ်သင့်သူများ လာရောက် ဆုတောင်းလျှင် ပြည့်ဝခြင်း။
(၇)ဓာတ်တော်မွေတော်များ ကိန်းအောင်းနေသဖြင့် ဘုရားဖူးများ မကြာခဏ လာရောက်ဖူးမြော်ကြခြင်း။
(၈)ကျောက္ကာရွှေဂူနီ ရုပ်ပွားတော်အား ရွှေစင် ရွှေဆိုင်းများ ကပ်လှူကြ၍ ရွှေတုံး ရွှေခဲကြီးပမာ မို့မောက် တောက်ပနေခြင်း။
(၉)စေတီအတွင်းရှိ အဓိဋ္ဌာန်ကျောက်တုံးအား မ ၍ အဓိဋ္ဌာန်လျှင် အဓိဋ္ဌာန်မှန်ခြင်း
စသည်တို့ဖြစ်ပါသည်။
ရှေးဟောင်းသမိုင်းဝင် ကျောက္ကာရွှေဂူနီ ဘုရားကြီးကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ ၁၃၃၃ ခုနှစ်အထိ နှစ်ပေါင်း ၃၃၄ နှစ်အတွင်း လေးကြိမ် ရင်ပြင်တော် ချဲ့ထွင် ပြုပြင်ခဲ့ပြီး
ရွှေသင်္ကန်းကိုလည်း လုံးတော်ပြည့် ကပ်လှူပူဇော်နိုင်ခဲ့ကြပါသည်။
ဤသို့ဖြင့် ရှေးဟောင်း သမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားကြီးသည် သာလွန်မင်းတရားကြီး ပြုပြင်မွမ်းမံသည့်အချိန်မှ ရေတွက်သော် နှစ်ပေါင်း ၃၄၈ နှစ်ခန့်ကြာခဲ့ပြီဖြစ်ပါသည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်တို့သည်လည်း တစ်နေ့ထက်တစ်နေ့ လာရောက်ဖူးမြော်ကြရာ ဘုရားဖူးသူများ နေ့စဉ်များပြားလျက်ရှိပါသည်။ကျောက္ကာရွှေဂူနီဘုရားကို ဖူးရင်း အညာဒေသထွက် သနပ်ခါးတုံးလေးများကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဘုရားစျေးတွင် အမှတ်တရ ဝယ်ယူနိုင်ပါသည်။ထို့ကြောင့် အထင်ကရ ဘုရားစေတီများ ဖူးမြော်စရာ ပေါများလှတဲ့ မုံရွာမြေသို့ အလည်တခေါက်အရောက်လာရင်း ကျောက္ကာရွာမှ ကျောက္ကာရွှေဂူနီဘုရားကြီးကိုလည်း လာရောက်ဖူးမြော်ကြ
ပါရန် စာဖတ်နေသူ အားလုံးနဲ့တကွ ဖိတ်ခေါ်အပ်ပါသည်။
#သစ္စာရှင်



Comments
Post a Comment