ရွှေမုဋ္ဌောဘုရားသို့ သွားဖူးစို့


 ရွှေမုဋ္ဌောဘုရားသို့ သွားဖူးစို့

………………………………………
သီတင်းကျွတ်လပြည့်ကျော် ၈ရက်မှာ တံတားဦးမြို့နယ်၊ သပြေကန်ကျေးရွာ ရွှေမုဋ္ဌောဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဘုရားပွဲဟုဆိုလိုက်ကတည်းကဘာသာရေးပွဲတစ်ခုဆိုတာလူတိုင်းလိုလိုသိပေလိမ့်မည်။ မြန်မာပြည်အနှံ့ပြားဘုရားပွဲတော်တွေပြုလုပ်နေကြတာအားလုံးသိကြသည့်အတိုင်းပင်။ တကယ်တော့ဘုရားပွဲဆိုတာ မြတ်ဗုဒ္ဓကိုပူဇော်တဲ့ပွဲတစ်ခုပါ။ ဒီဘုရားပွဲကိုအကြောင်းပြုပြီး ကုသိုလ်တွေပြုလုပ်ကြ၊ ကွဲကွာနေတဲ့ဆွေးမျိုးတွေ ပြန်လည်တွေ့ဆုံကြနဲ့ ပျော်စရာကောင်းသော ဘာသာရေးပွဲလေးတစ်ပွဲဖြစ်ခဲ့သည်။ ဘယ်လောက်ပျော်စရာကောင်းသလဲဆိုရင် တစ်နှစ်မှာ တစ်ခါကြုံရတဲ့ ဒီဘုရားပွဲလေးကို နှစ်အစ ကတည်းက အားခဲပြီး ပိုက်ဆံစုကာ တွေးပြီးပျော်နေခဲ့ရသည်။ ကိုယ့်ရွာ ကိုယ့်ဌာန စီးပွားရေးအဆင်မပြေလို့ တစ်နယ်တဝေးမှာ စီးပွားရှာနေကြရပေမယ့် ကိုယ့်ရွာ ဘုရားပွဲရောက်ပြီဆိုတာနဲ့ ဘယ်လောက်ဝေးဝေး မရောက် ရောက်အောင်ပြန်ကြသည်။ ဒါဟာလည်း ကိုယ့်ရွာ ကိုယ့်ဌာနလေးကို မြတ်နိုးတွယ်တာတတ်သော ကျေးရွာတို့ရဲ့ ဓလေ့တစ်ခုလို့ ဆိုရပေမည်။ ဒီလို ကိုယ့်ရွာ ကိုယ့်ဌာနလေးကို မြတ်နိုးတွယ်တာတတ်သော စိတ်ကလေးရှိနေတော့ ကိုယ့်ဘဝရဲ့တစ်စိတ်တဒေသကို ပြန်အမှတ်ရစေပါသည်။ အချို့အချို့သော သူတွေမှာကိုယ့်ရွာ ကိုယ့်ဌာနကို မြတ်နိုးတွယ်တာစိတ်လည်းမရှိ၊ ကိုယ့်ဘဝရဲ့ပုံရိပ်ကို ပြန်မမှတ်မိလေတော့ ကိုယ်အသက်အရွယ်ကြီးရင့်သောအခါ ကိုယ့်ရဲ့သားသမီးတွေကို ပြန်လည်ပြောပြလို့ မရတော့ပေ။ ကိုယ့်ရဲ့ဇာတိ ကိုယ့်ရဲ့ဆွေမျိုး ကိုယ့်သားသမီးတွေမသိကြတော့။ အဲဒီလိုကစပြီး တဖြေးဖြေးနဲ့ ဆွေမျိုးမှန်းမသိ တစ်ဦးနှင့်တစ်ဦးမေတ္တတရားတွေ ခေါင်းပါးကုန်ကာ ကမ္ဘာပေါ်မှာ ရန်ပွဲတွေ ဖြစ်ပေါ်လာခဲ့ကုန်တာမဟုတ်လား။ အမှန်တကယ်တော့ အားလုံးဟာ ဆွေးမျိုးတွေပါ။ မသိကြလို့သာ ရန်သူတွေအဖြစ် မြင်နေကြခြင်းဖြစ်သည်။ အခုလိုကိုယ့်ရပ်ရွာပွဲလည်းဖြစ် ကိုယ်ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓဘုရားရှင်ကို ပူဇော်သောပွဲလည်းဖြစ်သည့် ဘုရားပွဲတွေမှာ ကုသိုလ်လည်းရဝမ်းလည်းဝဆိုသလို ကောင်းမှုကုသိုလ်ပြုလုပ်ကြရင်း ငယ်ငယ်ကသူငယ်ချင်းများ နှင့် ဆုံတွေ့ရသည်။ အခုလည်း မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ ကျင်းပနေသော ဘုရားပွဲများနည်းတူ တံတားဦးမြို့နယ်၊ သပြေကန်ကျေးရွာမှာ ကျင်းပပူဇော်သော ရွှေမုဋ္ဌောဘုရားပွဲလေးကို စာရှု့သူအပေါင်းအားဝေငှပေးချင်မိသည်။ ရွှေမုဋ္ဌောဘုရားဆိုတာ အခုမှတည်သော ဘုရားမဟုတ်၊ နှစ်ကာလအားဖြင့် နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။ ရွှေမုဋ္ဌောဘုရားသည် တံတားဦးမြို့နယ်၊ သပြေကန်ကျေးရွာ၏ အနောက်စူးစူးအရပ်၌တည်ရှိသည်။ ရွှေမုဋ္ဌောဘုရားသည် မည်သူတည်းထားသောဘုရားဟု တိတိကျကျမသိရှိကြတော့ပေ။ အချို့က အလောင်းစည်သူမင်းတည်သည်ဟု ပြောကြပါသည်။
ရှေးခေတ်က မန္တလေး သာသနာပိုင်ဆရာတော်နှင့်ဖျောက်ဆိတ္တောကျောင်း စတင် တည်ထောင်ခဲ့သော ဆရာတော်ဦးသောဘနတို့မှ စေတီတော်တည်ထားပုံ အခြင်းအရာလက်ရာတို့ကို ကြည့်ရှု့၍ အလောင်း စည်သူ မင်းတည်သည်မဟုတ် သီရိဓမ္မာသောက မင်းကြီးတည်ခဲ့သော စေတီပေါင်း(၈၄၀၀၀)ရှစ်သောင်းလေးထောင် တို့တွင် တစ်ဆူအပါဝင်ဟု အသိမှတ်ပြုခဲ့ကြသည်။ ရှေးလူကြီးသူမတို့၏ ပြောစကားပါးစပ်ရာဇဝင်အရလည်း သီရိဓမ္မာသောကမင်းကြီး တည်ခဲ့သောစေတီများအနက် ဧရာဝတီမြစ်အနောက်ဘက်မှာ ဒီရွှေမုဋ္ဌောစေတီ တစ်ဆူသာရှိကြောင်း မှတ်သားခဲ့ရပြန်သည်။ ခေတ်ကာလ ကြာညောင်းသောအခါ စေတီပေါ်၌ပေါက်ရောက် နေသောသစ်ပင်များကို သုတ်သင်ရှင်းလင်း၍ ၁၂၀၀-ပြည့်နှစ်ခန့်က ပြုပြင်မွမ်းမံခဲ့၍ ၁၂၅၂-ခုနှစ်ရောက်သော အခါ ထပ်ဆင့်၍ မွမ်းမံပြင်ဆင်ခဲ့ပြီး ယနေ့တိုင်အောင် လက်ဆင့်ကမ်းကာ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ကြောင့် ကြည်ညိုဖွယ်ရာ သပ္ပါယ်စွာဖြင့် တည်ရှိနေသော စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်၏ ဉာဏ်တော်မှာ သိပ်မကြီးလွန်းပေမယ့် တည်ဆောက်ပုံက ထူးခြားလှသည်။ စေတီတော်၏အတွင်းကုဋီဝယ် လှိုင်ဂူသဖွယ်ဖြစ်၍ လှိုင်ဂူအတွင်းအရပ်လေးမျက်နှာ ဘုရားဆင်းတုတော်တစ်ဆူစီပူဇော်ထားသည်။ ဂန္ဓကုဋီအပေါ်မှ စေတီတည်ထား၍ အရံစေတီငယ်တို့ဖြင့် ကြည်ညိုသပ္ပါယ်လှစွာဖူးတွေ့ရသည်။ မူလဘုရား ဆင်းတုတော်တို့မှာလည်း ယခုခေတ်လို ဆင်းတုပုံစံမျိုးမဟုတ် ကြည်ညိုစရာ အလွန်ကောင်းလှသည်။ သမိုင်းသုတေသီတို့အဖို့ လေ့လာသင့် လေ့လာထိုက်သော ဘုရားစေတီတစ်ဆူလည်း ဖြစ်သည်။ ရွှေမုဋ္ဌောဘုရားစေတီတည်သည် အရင်က ရွာ၏ထိပ်မှာတည်ရှိသည်ဟု ပြောဆိုငြားသော်လည်း ယခုအချိန်မှာတော့ ရွာ၏အနောက်စူးစူး အရပ်၌သာတည်ရှိသည်။ သပြေကန်ရွာသူ/သားတို့နှင့် ရပ်နီးဒကာ/ဒကာမအပေါင်းတို့မှ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကို တန်ခိုးကြီးဘုရားဟု သက်ဝင်ယုံကြည် ကြပြီး ယနေ့အချိန်ထိ ပူဇော်နေဆဲဖြစ်သည်။ တချိန်က ရွာဦးစေတီဖြစ်ခဲ့သော ထိုရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကို ယခု သပြေကန်ရွာသူ/သားအပေါင်းတို့မှ ရွာ၏အနောက်ဘက်မှာ တည်ရှိငြားသော်လည်း ရွာဦး၏အဓိကထား ကိုးကွယ်ဆည်းကပ်နေသော ရွာဦးစေတီအဖြစ် ပူဇော်နေဆဲဖြစ်သည်။ ထို့ကြောင့် ထိုရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကို ပြုပြင်ထိန်းသိမ်းကာ ဗုဒ္ဓပူဇနိယပွဲတော်(ဘုရားပွဲ)အဖြစ်ပူဇော်ကျင်းပ လာခဲ့တာ ၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့ ဆိုလျှင် နှစ်ပေါင်း (၁၁၉) တစ်ရာ့တစ်ဆယ့်ကိုးကြိမ်မြောက်တိုင်ခဲ့ပြီ။ ဘုရားပွဲတော်ရက်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် (၈)နေ့အဖြစ် သတ်မှတ်ကာ ရွာဘုံကထိန်ပွဲနှင့်အတူကျင်းပလာခဲ့သည်။ ကထိန်ရာသီလည်းဖြစ် သီတင်းကျွတ်လလည်းဖြစ်သောကြောင့် ဘုရားပွဲ ကထိန်ပွဲ ပေါင်းစုကျင်းပခြင်းဟာ သင့်လျော်လျှောက်ပတ် လှသည်။
ဘုရားပွဲလေးဟာ ပျော်စရာလည်းအလွန်ကောင်းသည်။ သပြေကန်သူ/သားတို့သာမက သပြေကန်နွယ်ဖွားအားလုံးတို့ကလည်း ဒီဘုရားပွဲလေးကို အားထားကြသည်။ သပြေကန်ရွာရဲ့အိမ်ခြေက (၃၀၀) သုံးရာကျော်ရှိသည်။ တောရွာ ဓလေ့ကိုလဲ အများဆုံးမြင်နိုင်လေသည်။ ဘုရားပွဲမတိုင်မှီကပင် ဘုရားပွဲအတွက် အလှူဒါနပြုလုပ်ကြဖို့ စုဆောင်းထားကြသည်။ ဘုရားပွဲရောက်ပြီဆိုလျှင်ဖြင့် ရပ်ဝေးရပ်နီး ဧည့်သည်များကို ထမင်းဟင်စုံလင်စွာဖြင့်ဧည့်ခံခြင်း၊ မုန့်များဖြင့် ဧည့်ခံခြင်းများပြုလုပ်ကြသည်။ မိမိအိမ်မှာ ဧည့်ခံတာအားမရသေးဘဲ ဧည့်သည်ပြန်လျှင် လက်ဆောင်များထည့်ပေးတက်သည်က တောရွာဓလေ့ ရဲ့ချစ်စရာပုံရိပ်တစ်ခုပင်ဖြစ်သည်။ တချို့က ဟိုအဝေးနယ်ကနေ ညအိပ်လာကြပြီး ကိုယ့်ဆွေမျိုးများအိမ် သူငယ်ချင်းများအိမ်သို့ အလည်သွားကြပြီး ငယ်ငယ်ကပုံရိပ်လေးများကို ပြောကြတာကလည်း ချစ်စရာလွမ်းမောစရာတစ်ခုဖြစ်သည်။ ညနေရောက်လျှင်ဖြင့် တစ်ရွာလုံးဘုရားပွဲတော်ကို ဆင်နွှဲကြသည်။ သပြေကန်ရွာကနေ ဘုရားကြီးရှိရာသို့ လူပျို အပျိုများနှင့် ဆိုင်းအိုးစည်ဗုံ စုံလင်စွာ မနက်ဆွမ်းတော်ကပ်မည့် လှူဘွယ်များကို လှည့်လည်ပူဇော်ကြသည်။ လူငယ်တွေကလည်း ညအချိန်အခါ၌ လူငယ်များတို့ရဲ့သဘာဝ ပျော်ပွဲရွှင်ပွဲအဖြစ် အရပ်ပြဇာတ်များကခြင်း၊ သီချင်းများဆိုခြင်းများပြုလုပ်ကြသည်။ လူကြီးတွေအနေနဲ့ကိုယ့်ရဲ့ဆွေမျိုး သူငယ်ချင်းများတို့နှင့် ပြန်လည်ဆုံတွေ့ရသောကြောင့် ပြောမဆုံးနိုင်တဲ့စကားတွေကိုပြောကြရင်း အပျော်တွေကူးစပ်စေကြသည်။ မနက်ရောက်တော့ ဆွမ်း ဆွမ်းဟင်းများထချက်ကြပြီး ရွာ၏ကိုးကွယ်ရာ ဖြစ်တဲ့ ရွှေမုဋ္ဌောဘုရားကြီးရှိရာသို့ ဆွမ်းကြီးလောင်း သွားလှူကြသည်။ သံဃာတော်များကလည်း ဆွမ်းကြီးလောင်းသို့ ဆွမ်းအလှူခံကြွကြသည်။ ဆွမ်းလောင်ပွဲပြီးရာ၌ ရေစက်ချတရားနာ၍ ဖျောက်ဆိတ်တောတောရ ကျောင်းသို့ ကြွှကာ ဆွမ်းကပ် အလှူဒါနပြုလုပ်ကြသည်။ မနက်အချိန်အခါ၌ ရွှေမုဋ္ဌောဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်။ မနက်ကိုးနာရီအချိန်လောက်မှာပင် ရွာအလယ်ကနေ ကထိန်ခင်း မည့် ဖျောက်ဆိတ်တော တောရကျောင်း လှူဘွယ်ပစ္စည်းများကိုင်ဆောင်ကာ လှည့်လည်ပို့ဆောင်လှူဒါန်း ပြန်ကြသည်။ ထို့နောက်မှ ရပ်ဝေးရပ်နီးမှကြွရောက်လာသော သံဃာတော်များနှင့်သပြေကန်ရွာဇာတိဖွား သံဃာတော်၊ ပင့်သံဃာတော်၊ ရှင်သာမဏေတို့အား နေ့ဆွမ်းဆပ်ကပ်ကြသည်။ ဘုရားပွဲကိုလာရောက် ကြသောဧည့်သည်တို့အားလည်း ကျွေးမွေးဧည့်ခံသည်။ အားလုံးပြီးလျှင်ဖြင့် အခန်းအနားစတင်၍ ကထိန်ခင်းခြင်း၊ လှူဘွယ်ပစ္စည်းလှူဒါန်းခြင်းများပြုလုပ်ကာ ရေစက်ချ ကထိန်အနုမောဒနာ တရားနာယူကြသည်။ သပြေကန်ကျေးရွာဟာ ဘာသာရေးနဲ့ပတ်သတ်လျှင် အလွန်ထွန်းကားသော ရွာဟု ပြောစမှတ်ပြုကြသည်။ ဟုတ်လည်းဟုတ်ပေသည်။ သပြေကန်ကျေးရွာမှာ ဘုန်းကြီးကျောင်း လေးကျောင်း ရှိသည်။ ရွာ၏ အရှေ့မှာ ရွာအရှေ့ကျောင်း၊ အရှေ့တောင်ဒေါင့်မှာကျောင်းသစ်ပရိယတ္တိစာသင်တိုက်၊ ရွာ၏အနောက်မြောက်ဒေါင့်မှာ ရေလည်ကျောင်း၊ အနောက်တောင်ဒေါင့်မှာ ဖျောက်ဆိတ်တော တောရကျောင်းဟူ၍ လေးကျောင်းရှိသည်။ လေးကျောင်စလုံးမှာ ခြောက်ခြောက်ဟူ၍မရှိ အားလုံးစိုစို ပြေပြေရှိလှသည်။ သပြေကန်ဇာတိဖွား ရဟန်းသာမဏေ တစ်ရာဝန်းကျင်ရှိသည်။ ထိုသံဃာတော်တို့သည်လည်း သပြေကန်ရွာရွှေမုဋ္ဌောဘုရားပွဲတော် ရောက်လျှင်ဖြင့် ဘယ်မှာ သီတင်းသုံးသုံး ကိုယ့်ရွာဘုရားပွဲသို့ ပြန်ကြွလာကြသည်။ ရပ်ရွာအနေနဲ့လည်း သံဃာတော်များကို နှစ်စဉ် ကြွလာကြဖို့ လျှောက်ထားကြသည်။
ချစ်စရာကောင်းသော ကျေးရွာတို့ရဲ့ဓလေ့တွေဟာ သမိုင်းပြယုဂ်တစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ မြန်မာတို့ရဲ့ယဉ်ကျေးလှသော ယဉ်ကျေးမှုအမွေနှစ်ကို ထိန်းသိမ်းရာလည်းရောက်သည်။ သပြေကန်ရွာဟာ လှပသောရှု့ခင်းများရှိသလို လွမ်းမောဖွယ်ကောင်းသော ထန်းတောများလည်းရှိသည်။ ရွာကိုအစခြေတည် လိုက်ပြီဆိုကတည်းက ကြည်ညိုဖွယ်ကောင်းလှသော ကျောက်ပုံကြီးစေတီနှင့်ရွာအဝင်လမ်းကိုတွေ့မြင်ရ ပေလိမ့်မည်။
သာယာလှပသော သပြေကန်ကျေးရွာ၊ ပျော်စရာကောင်းသော ရွှေမုဋ္ဌောဘုရားပွဲ တော်ကြီးသို့ တစ်ခေါက်တစ်ခါတော့ ရောက်လာစေချင်ပါသည်။ ရောက်လာမည်ဆိုပါက တံတားဦးမြို့ ကနေ မြို့သာဘက်သို့ထွက်သည့်လမ်းလိုက်ခဲ့ရမည် မြို့သာမရောက်ခင် ငါန်းဇွန်မြို့သို့သွားမည့် ငါန်းဇွန်း လမ်းခွဲဆက်လိုက်ခဲ့ပါက ထနောင်းကိုင်းရွာအလွန် သပြေကန်ကျေးရွာရောက်ပါလိမ့်မည်။ ဖော်ရွေစွာကြိုဆို တတ်သော သပြေကန်သူ/သားတို့မှလည်း ကြိုဆိုနေမှာမလွဲပင်။
လေ့လာလို၍ပဲဖြစ်ဖြစ်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကိုကြည်ညိုဖူးမျှော်လို၍ဖြစ်စေ ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောဘုရားဆီသို့လာရောက်ကြဖို့၊ ကြည်ညိုဖူးမြော်ကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။
ဇွဲမာန်(အင်းဝ)

Comments

Popular posts from this blog

ရွှေနတ်တောင် ဘုရား

မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ

ဓာတ်ကြီး (၄)ပါး ဆွမ်းကပ်နည်း